Press Release 755 Views

မြန်မာ – ထောင်ကျခံနေရသော လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများအားလွှတ်ပေးရန်

April 13th, 2020  •  Author:   Amnesty International  •  1 minute read
Featured image

၂၀၂၀ ဧပြီလ ၁၃ ရက်

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့အစိုးရသည် နိုင်ငံတော်အာဏာကို ရယူခဲ့သည့် လေးနှစ်တာ ကာလအတွင်း လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများအား နှောင့်ယှက်၊ ခြိမ်းခြောက်၊ ဖမ်းဆီး အရေးယူထောင်ချမှုများ အဆက်မပြတ်ပြုလုပ်လာခြင်းကို အစိုးရကဦးစီးပြုလုပ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာပိုင်များ အနေနှင့် ဖမ်းဆီးအကျဉ်းချထားသော ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများအားလုံးကို ချွင်းချက်မရှိပြန်လွှတ်ပေးရန်၊ ငြိမ်းချမ်းစွာလှုပ်ရှားခဲ့မှုများအတွက်ကြောင့် တရားစွဲဆိုမှုနှင့်ရင်ဆိုင်နေရသူများအပေါ် စွဲဆိုထားချက်များအားလုံးကို ရုပ်သိမ်းပေးရန်နှင့် လူ့အခွင့်အရေးကာကွယ်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အစိုးရကို ဝေဖန်သူများကို ထောင်ချရန်အသုံးပြုနေသော ကာလတာရှည်တည်ရှိနေသည့် ဖိနှိပ်သော ဥပဒေများကို အလျင်အမြန်ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ပါရန်လည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရလာသည်မှာ လေးနှစ်ရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံသည် အာဏာပိုင်များကို အသေးအမွှားလေး ဝေဖန်မိသည်နှင့် အကျဉ်းကျခံရနိုင်သည့် နိုင်ငံမျိုး အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ မိမိတို့၏ အယူအဆကို ထုတ်ဖော်ပြောဆိုမိရုံဖြင့် ဖမ်းဆီး အရေးယူခံရသူများထဲတွင် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၊ ကဗျာဆရာများနှင့် ကျောင်းသားများလည်း ပါဝင်နေသည်ဟု သုတေသန၊ အသိပညာပေးရေးနှင့် မူဝါဒဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ကလဲယား အယ်လ်ဂါကပြောပါသည်။

“လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီး အဲဒီလို လှုပ်ရှားမှုအတွက် ကိုယ်တိုင် အရင်းအနှီးကြီးကြီးပေးခဲ့ရသူတွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဝေဖန်ထောက်ပြသူတွေကို ဖိနှိပ်အပြစ်ပေးရာမှာ ဆက်လက်အသုံးပြုနေတဲ့ စစ်အစိုးရခေတ်က ဥပဒေတွေကို ပြောင်းလဲဖို့ အနည်းအကျဉ်းလေးမျှလောက်ပဲ လုပ်ဆောင်ခဲ့တာဟာ ထိတ်လန့်အံ့သြစရာ ကောင်းလှပါတယ်။”

“အရှုံးပေးမည်မဟုတ် – လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများကို ရာဇဝတ်မှုများဖြင့် စွဲဆိုအပြစ်ပေးနေခြင်း” အမည်ဖြင့်ထုတ်ပြန်လိုက်သော အစီရင်ခံစာအသစ်တွင် လွန်ခဲ့သော ၁၈လ အတွင်း ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခံခဲ့ရသော လူ့အခွင့်အရေးကာကွယ်သူများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများနှင့် ပတ်သက်သော အမှု ၁၆ မှုကို ဖော်ပြထားသည်။ ယင်းတို့အထဲတွင် ကျောင်းသားများ၊ သတင်းသမားတစ်ဦး၊ သံချပ်သရုပ်ဖော်သူများ၊ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ တစ်ဦး၊ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူတစ်ဦး၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် သံဃာတော်တစ်ပါးတို့ပါဝင်ပြီး မြန်မာနိုင့်တွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင် ဖြစ်ပွားခဲ့သောအမှုများ ဖြစ်သည်။

ဒေသခံ လူမှုအဖွဲ့တစ်ခု ဖြစ်သည့် အသံအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၁၉ တစ်နှစ်အတွင်းမှာပင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဆက်စပ်သော အမှုများဖြင့် အနည်းဆုံး လူပေါင်း ၃၃၁ ဦး တရားစွဲဆို အရေးယူခံခဲ့ရသည်ဟု ဆိုသည်။

ဝေဖန်သူများကို ဖိနှိပ်သော ဥပဒေများဖြင့် ပစ်မှတ်ထားခဲ့

အမှုအတော်များများတွင် တရားစွဲဆိုသူမှ တပ်မတော်မှ အရာရှိများဖြစ်ကြပြီး ၄င်းတို့က တပ်မတော်သားများကို ဝေဖန်သူများကို မြန်မာနိုင်ငံတွင် တည်ရှိနေဆဲဖြစ်သည့် ဖိနှိပ်သော ဥပဒေများကို အသုံးပြုကာ တရားစွဲခဲ့ကြသည်။

မြန်မာ့တပ်မတော်သည် ၂၀၁၇ သြဂုတ်လမှစတင်၍ မွတ်ဆလင်ရိုဟင်ဂျာများအပေါ် ဖိနှိပ်ရက်စက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာက ပိုတိုးမြှင့် စောင့်ကြည့်မှုများကို ခံနေရသည်။

မြန်မာ့တပ်မတော်သည် ပါလီမန်တွင်း အပါအဝင်နိုင်ငံထဲတွင် သြဇာအာဏာဆက်ကြီးကြီးမားမား စွဲကိုင်ထားဆဲဖြစ်သည်။ သို့ရာတွင် ပါလီမန်အတွင်းတွင် အများစုနေရာရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီမှာ ဖိနှိပ်သေ ဥပဒေများကို ပြန်လည် သုံးသပ်ပြင်ဆင်နိုင်သော လုပ်ပိုင်ခွင့်ကို ရထားသူများဖြစ်သည်။ ပြဿနာရှိသောဥပဒေအချို့ကို အန်အယ်ဒီအစိုးရတက်လာစ ကာလများတွင် ဖျက်သိမ်းခဲ့သော်လည်း အခြားဥပဒေများကို ဝေဖန်သူများကို နိုင်ငံရေးအရရည်ရွယ်ချက်များဖြင့် တရားစွဲဆို အရေးယူရန် ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ညီညွတ်စေရန် ယင်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်သင့်ပါသည်။

“တပ်မတော်က မြန်မာနိုင်ငံမှာ အာဏာနဲ့ သြဇာဆက်ကြီးမားနေတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” ဟု ကလဲယားအယ်လ်ဂါက ဆိုပါသည်။

“ဒါပေမယ့် အရပ်သားအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်လိုတဲ့ဆန္ဒ၊ လူ့အခွင့်အရေးတွေကို လေးစားစိတ်နဲ့၊ လူတွေကို ဖိနှိပ်မှု၊ နှောင့်ယှက်မှုနဲ့ ထင်သလိုဖမ်းဆီးမှုတွေကနေ အကာအကွယ်ပေးဖို့ စိတ်ဆန္ဒရှိမှုတွေကတော့ အလေးအနက်မေးခွန်းထုတ်စရာဖြစ်နေပါတယ်။”

အန်အယ်ဒီဦးဆောင်သော အစိုးရတက်လာခါစ နှစ်ပိုင်းများတွင် ယုံကြည်ချက်ကြောင်းအကျဉ်းကျခံနေရူ အတော်များများအား လွှတ်ပေးခြင်း၊ ဖိနှိပ်သော ဥပဒေအချို့ကို ဖျက်သိမ်းခြင်းစသော အပြုသဘောခြေလှမ်းအချို့ကို တွေ့ခဲ့ရသည်။ သို့ရာတွင် နိုင်ငံရေးအရ ရည်ရွယ်ချက်နှင့် ဖမ်းဆီးအရေးယူမှုများ ဆက်ရှိနေဆဲဖြစ်သည်၊ ထို့အပြင် ကတိပြုထားသော လူ့အခွင့်အရေးပိုင်း ပြုပြင်ပြောင်းလဲမှုများ၏ အရှိန်မှာလည်း လျော့ကျသွားခဲ့သည်။ ထိတ်လန့်စရာ ကောင်းစွာပင် ယင်းကဲ့သို့ ဖမ်းဆီးမှုများကို အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို တိုက်ဖျက်နေရချိန်မှာပင် ဆက်ပြုလုပ်နေခဲ့သည်။

“ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်နေချိန်မှာတောင် အာဏာပိုင်တွေက ဖိနှိပ်တဲ့ ဥပဒေတွေကို ဆက်သုံးပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချနေတာ အတော်ကြီးကို ထိတ်လန့်စရာ ကောင်းပါတယ်။ ဒါ ရပ်ဆိုင်းရပါမယ်။ ဒီလို ဥပဒေတွေကို အသုံးပြုနေတာ ရပ်ထားဖို့ အမိန့်ထုတ်ပြန်ပါလို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် အဲဒီ ဥပဒေတွေကို ပြင်ဆင်တာ ပယ်ဖျက်တာ မလုပ်နိုင်သေးခင်အချိန်မှာ အဲဒီဥပဒေတွေနဲ့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီး အရေးယူထောင်ချတာ မလုပ်သင့်ပါဘူး။” ဟု ကလဲယားအယ်လ်ဂါက ဆိုပါသည်။

ကျောင်းသားများနှင့် သရုပ်ဖော်တင်ဆက်သူများ ထောင်ချခံရခြင်း

ပြီးခဲ့သည့်လကပင် လှုပ်ရှားတက်ကြွသူ ကျောင်းသားခုနှစ်ဦးတို့မှာ အစိုးရက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်နှင့် ချင်းပြည်နယ်များတွင် အင်တာနက်ဖြတ်တောက်ခဲ့ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် ထောင်ချခံခဲ့ရသည်။ ယင်းစွဲဆိုချက်ဖြင့်ပင် အကျဉ်းချခံရမည်ကို စိုးရိမ်သဖြင့် ကျောင်သားနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပါသည်။ နိုင်ငံတွင်းတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရောက်ရှိ ဖြစ်ပွားနေကြောင်း အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်ပိုင်းများက အတည်ပြုခဲ့သော်လည်း အင်တာနက်ဖြတ်တောက်မှုကို ဆက်လက်လုပ်ထားဆဲဖြစ်သည်။ ယင်းသို့ဖြတ်တောက်ထားမှုက ကမ္ဘာ့ကပ်ရောဂါကြီးနှင့်ပတ်သက်သော အရေးပါသည့် သတင်းအချက်အလက် များကို ပြည်သူများ ရရှိရေးအတွက် အတားအဆီး ဖြစ်နေပါသည်။

အာဏာပိုင်များက အင်တာနက်ဖြတ်တောက်မှုမှာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သော ရခိုင့်တပ်မတော် အေအေ တို့အကြားပြင်းထန်သော တိုက်ပွဲများဖြစ်နေသောကြောင့် လိုအပ်သောလုပ်ရပ်အဖြစ် အကြောင်းပြခဲ့သည်။

ယခုအစီရင်ခံစာတွင် ရိုးရာဖျော်ဖြေမှု သံချပ်သရုပ်ဖော်မှုတင်ဆက်ခဲ့သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ လူငယ်အဖွဲ့ဝင်များအကြောင်းလည်း ဖော်ပြထားသည်။ သံချပ်သည် ဧပြီလတွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူးပွဲနှင့် အခြားပွဲတော်များတွင် ဖျော်ဖြေတင်ဆက်လေ့ရှိသည့် ကဗျာ၊ ဟာသ၊ သရော်ချက် နှင့် ဂီတတို့ ပေါင်းစပ်ထားသော ရိုးရာအနုပညာတစ်ရပ်ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ၄င်းတိုအဖွဲ့ သရုပ်ဖော်တင်ဆက်ခဲ့စဉ်က သံချပ်အဖွဲ့ဝင်တချို့က စစ်တပ်ယူနီဖောင်းများ ၀တ်ဆင်ထားပြီး စစ်တပ်ကို ဝေဖန်ခဲ့ကြသည်။ ယင်းသရုပ်ဖော်တင်ဆက်မှုအပြီး မကြာခင်မှာပင် တပ်မတော်အရာရှိများက ၄င်းတို့အဖွဲ့ကို တရားစွဲဆိုခဲ့သည်။ ယင်းနှစ် ဧပြီနှင့် မေလများတွင် သံချပ်အဖွဲ့ဝင် ခုနှစ်ဦးမှ ဖမ်းဆီးခံခဲ့ရသည်။

ယနေ့အချိန်တွင် သံချပ်အဖွဲ့မှ အွဲ့ဝင်ခြောက်ဦးမှာ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ပြစ်ဒဏ်အသီးသီးကို ကျခံနေရပါသည်။

“ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို အလျော့မပေးတန်း ပစ်မှတ်ထား တရားစွဲဆိုခဲ့တာက မြန်မာ့တပ်မတော်ဟာ ဘယ်လောက် အငြိုးတကြီးရှိသလဲဆိုတာကို ထင်ထင်ရှားရှား ပြနေပါတယ်။ ဒါပေမယ့် ဒီ လူငယ်လေးတွေကို ဖမ်းဆီးအကျဉ်းချရာမှာ သုံးခဲ့တဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင်ဖို့ ပယ်ဖျက်ဖို့ အန်အယ်ဒီအစိုးရက ပျက်ကွက်ခဲ့တဲ့အတွက် စစ်တပ်က သူတို့ကို ဝေဖန်သူတွေကို နှိမ်နင်းရာမှာ အသုံးပြုဖို့ လက်နက်ကိရိယာ ပေးထားသလို ဖြစ်နေပါတယ်” ဟု ကလဲယားအယ်လ်ဂါက ဆိုပါသည်။

သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူနှင့် သတင်းသမားတို့ တရားစွဲခံရပြီး ရှောင်တိမ်းနေ

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်ရှိ ဘိလပ်မြေစက်ရုံတစ်ခု၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအကျိုးသက်ရောက်မှုများအပေါ် ဒေသခံလူထု၏ စိုးရိမ်မှုများကို ထုတ်ပြောနိုင်ရန် ကူညီပေးခဲ့သည့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ စောသာဖိုးကို ရဲက စုံစမ်းစစ်ဆေးလျက်ရှိသည်။

သူ့ကို “လှုံ့ဆော်မှု” ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဆီးခံရမည်စိုးရိမ်သဖြင့် စောသာဖိုးမှ ပုန်းရှောင်လျက်ရှိပါသည်။ အပြစ်ရှိကြောင်း တွေ့ရှိပါက ၄င်းသည် ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပါသည်။

တစ်ခါ မြန်မာစစ်တပ်နှင့် အေအေ ရခိုင်တပ်တို့ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများ အကြောင်း သတင်းရယူတင်ပြနေသည့် ဖွံဖြိုးရေးမီဒီယာအုပ်စု (DMG) ၏ အယ်ဒီတာ ဖြစ်သူ အောင်မာန်ဦးမှာလည်း ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရပါသည်။ ၄င်းသည် တိုင်းရင်းသားလူနည်းစုများ မကြာခဏ အရေးယူခံရသည့် “မတရားအသင်းနှင့်ဆက်သွယ်ခြင်းဥပဒေ”ကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရပါသည်။

၂၀၁၉ ခုနှစ် မေလတွင် ၄င်းအား ယင်းဥပဒေဖြင့်တရားစွဲဆိုထားကြောင်း အခြားမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည့် သတင်းအရ သိရှိရပြီးနောက် အောင်မာန်ဦးမှာ တိမ်းရှောင်နေခဲ့ပါသည်။ နောက်များမကြာမီတွင် အထူးသတင်းတပ်ဖွဲ့ဝင်များအပါအဝင် ရဲများက ၄င်း၏ ရုံးခန်းများနှင့် နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များကို စစ်ဆေး မေးမြန်းခဲ့သည်။

အောင်မာန်ဦးမှာ ဆယ်လကျော်ကြာသည်အထိ တိမ်းရှောင်နေဆဲဖြစ်သည်။ ယခုနှစ မတ်လအကုန်တွင် မြန်မာဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိ ဆယ်သွယ်ရေးဝန်ဆောင်မှုပေးသော လုပ်ငန်းများအားလုံးအား DMG သတင်းဌာန ဝက်ဆိုက်အား အခြား “သတင်းမှားများ” ဖြန့်ဝေသည်ဟု စွပ်စွဲခံရသော ဝက်ဆိုက်များနှင့်အတူ ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်။

ရွေးကောက်ပွဲများ မကျင်းပမီ ကတိပြုထားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်အရေးတကြီးလိုအပ်

၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည်ဟု စီစဉ်ထားသော ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုများပြုလုပ်လာချိန်တွင် အန်အယ်ဒီ ဦးဆောင်သော အစိုးရနှင့် တပ်မတော်ပါ မြန်မာအာဏာပိုင်များအနေနှင့် လူ့အခွင့်အရေးကာကွယ်သူများက၊ လှုပ်ရှားတက်ကြွသူများနှင့် ဝေဖန်သူအတိုက်အခံများကို နှောင့်ယှက်ခြင်းများ ရပ်ဆိုင်းပါရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုပါသည်။ မြန်မာပြည်သူတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်အပါအဝင် မိမိတို့၏ လူ့အခွင့်အရေးများကို လွတ်လပ်စွာကျင့်သုံးနိုင်ရန်အတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းပါသည်။

“စစ်တပ်က ရာစုနှစ်ဝက်လောက် အုပ်ချုပ်ပြီးခဲ့တဲ့ အချိန် ၂၀၁၅ ရွေးကောက်ပွဲတွေက မြန်မာနိုင်ငံမှာ ကာလကြာရှည်တည်ရှိနေတဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ သမိုင်းဝင်အခွင့်အရေးတစ်ခု ပေးလာခဲ့မယ်လို့ လူအများက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုအထိတော့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုပြီ သူတို့ပေးထားတဲ့ ကတိကို ပျက်ကွက်နေတုန်းပါပဲ” ဟု ကလဲယားအယ်လ်ဂါက ဆိုပါသည်။

“တကယ်တမ်း စစ်မှန်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲရေးတွေမရှိရင်တော့ နောက်ထပ်လူတွေဟာ သူတို့ သဘောထားကို ထုတ်ဖော်ပြောတာနဲ့ ၊ အထူးသဖြင့် မတရားမှုတွေ၊ ဖိနှိပ်တဲ့ ဥပဒေတွေ၊ စစ်ရာဇဝတ်မှုတွေ နဲ့ တပ်မတော်က ကျူးလွန်တဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြတာတွေ လုပ်ခဲ့ရင် နှောင့်ယှက် ခြိမ်းခြောက်ခံရပြီး ထောင်ထဲ ပို့ခံနေရဦးမှာပါပဲ။”

အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်။

PDF ဖြင့်ဖတ်ရန်။