မြန်မာ့အဖွဲ့အစည်းများမှ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုအတွက် ရပ်တည်ချက်

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့

မြန်မာ့အဖွဲ့အစည်းပေါင်း ၇၉ ဖွဲ့မှ ရိုဟင်ဂျာလူထုအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) နှင့်အညီ မြန်မာနိုင်ငံမှ တာဝန်ယူမှုတာဝန်ခံမှု ရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ ကြိုးပမ်းမှုများကို ကြိုဆိုပါသည်။ ကြီးလေးသောပြစ်မှုများ ကျူးလွန်သူတို့ကို တာဝန်ခံစေရန် ဆောင်ရွက်နေသည့် ဂမ်ဘီယာနိုင်ငံအား ကနေဒါနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့မှ အားပေး ထောက်ခံရန် ဆုံးဖြတ်ချက်ကိုလည်း မိမိတို့အဖွဲ့အစည်းများမှ  ကြိုဆိုထောက်ခံပြီး အခြားနိုင်ငံများ အနေဖြင့် လည်း ဂမ်ဘီယာနိုင်ငံ၏ ကြိုးပမ်းမှုကို အမြန်ဆုံး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

မိမိတို့အဖွဲ့အစည်းများအနေဖြင့် မြန်မာ့တပ်မတော်မှ ကျူးလွန်ခဲ့သော ပြစ်မှုများကို ကမ္ဘာ့စင်မြင့် ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝန်ခံမှုကိုလည်း ကြိုဆိုကြောင်းနှင့် ကျူးလွန်ခံရသည့် ပြစ်မှုများ၏ အတိမ်အနက်ကို အသိအမှတ်ပြုရန်နှင့် မကြာသေးမီက ဂမ်ဘီယာနိုင်ငံမှ တရားရုံးတွင် အသေးစိတ်တင်ပြခဲ့သော ရက်စက်ကြမ်းကြုတ်လှသည့် ပြစ်မှုများတွင် ကျူးလွန်ခံခဲ့ရသူများ၊ ရှင်သန်ကျန်ရစ်သူများနှင့် အတူရပ်တည်ပေးခြင်းဖြင့် မိမိ၏ ခေါင်းဆောင်မှု၊ ကျင့်ဝတ်သိက္ခာပိုင်းနှင့် လူသားများအပေါ် စာနာမှုကိုပြသရန် ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့မှ မေတ္တာရပ်ခံပါသည်။ ထိုဆိုးဝါး ပြင်းထန်လှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ် ခံရသူများနှင့် ရှင်သန်ကျန်ရစ်သူများအတွက် ပြည်တွင်းရှိ တာဝန်ယူမှု တာဝန်ခံမှု လုပ်ငန်းစဉ်များမှာ မစွမ်းသာကြောင်း သက်သေပြခဲ့ပြီးဖြစ်၍ နိုင်ငံတကာရှိ တာဝန်ယူမှု တာဝန်ခံမှု လုပ်ငန်းစဉ်များအားလုံးကို ကြိုဆိုထောက်ခံရေးသည် နိုင်ငံနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အလိုအပ်ဆုံးသော အကျိုးစီးပွားပင်ဖြစ်လေသည်။

ပြည်ထောင်စုအဆင့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် သူမ၏ စွမ်းဆောင်နိုင်သည့်အပိုင်းမှ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ICJ တွင် အမှုရင်ဆိုင်ခဲ့သည်။ သူမ၏လျှောက်လဲချက်ထဲတွင် “တချို့ ဖြစ်စဉ်တွေမှာ ဆိုရင်တော့ မြန်မာ့တပ်မတော်သားများအနေနဲ့ ARSA အကြမ်းဖက် တိုက်ခိုက်သူများနဲ့ အရပ်သားများကို သေချာစွာ မခွဲခြားနိုင်ခဲ့ခြင်း ဒါမှမဟုတ် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့ခြင်း မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ စစ်ပွဲတွေကြောင့် စွန့်ခွာ ခဲ့ရတဲ့ ကျေးရွာတွေမှာကျန်ရှိနေသေးတဲ့ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်စီးခြင်း၊ လုယက်ခြင်းများ မရှိစေရန် ကာကွယ်ပေးရမည့်အပိုင်းမှာလည်း အားနည်းချက်များ ရှိကောင်းရှိခဲ့နိုင်ပါတယ်။” ဟု ဝန်ခံခဲ့သည်။

မြန်မာ့တပ်မတော်မှ ကျူးလွန်ခဲ့သည့်ပြစ်မှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဝန်ခံခဲ့ခြင်းအပေါ် မိမိတို့မှ ကြိုဆိုသော်လည်း ရိုဟင်ဂျာလူထုအပေါ် ကျူးလွန်ခဲ့သည့် ပြောစရာစကားပင် ရှာမတွေ့နိုင်အောင် ငြင်းမရသည့် ပြစ်မှုများကို ဖော်ပြရာတွင် သူမ၏ ပုံဖော်မှုမှာ အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတစ်ခုကို ဥပဒေနှင့်အညီ တုန့်ပြန်ရာမှ ထိခိုက်သေဆုံးမှုများဖြစ်ခဲ့ရခြင်း အသွင်သို့ လွဲမှားစွာ ပုံဖော်ခဲ့သဖြင့် ရိုဟင်ဂျာလူထုအပေါ် ကျူးလွန်ခဲ့သော ကြီးမားသော ရက်စက်ကြမ်းကြုတ်မှုများကို မှေးမှိန်သွားစေနိုင်ပါသည်။ တစ်ချိန်တည်းတွင် ရိုဟင်ဂျာလူထုအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများ၏ အတိုင်းအတာ ကြီးမှားမှုကြောင့် ပြည်တွင်းရှိ ယန္တရားများမှ ကိုင်တွယ်နိုင်ရန် လုံလောက်မှုမရှိ ဖြစ်နေသည်ကိုလည်း မိမိတို့မှ အလွန်စိုးရိမ်ပူပန်မိပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ  စစ်ဘက်တရားရုံးတင်မှုများကို ဥပဒေနှင့်ညီကြောင်း ဆက်လက် ထောက်ခံ နေသော်လည်း “စစ်ဘက်ဆိုင်ရာတရားစီရင်ချက်များ ချမှတ်ပြီးသော်လည်း ယင်းစီရင်မှုများကို ပြန်လည် ပြောင်းလဲခဲ့တဲ့ ဖြစ်ရပ်များရှိကြောင်း” ဆက်ပြောသွားသည်။ ဥပမာအားဖြင့် ရိုဟင်ဂျာဆယ်ဦးကို ကွပ်မျက်ခဲ့သော စစ်သားများသည် ပြစ်ဒဏ် တစ်စိတ်တစ်ပိုင်းမျှသာ ကျခံပြီးနောက် မြန်မာ့တပ်မတော်ကပင် လွတ်ငြိမ်းခွင့် ပေးလိုက်သည်ကို နမူနာပေးသွားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း အတော်များများက စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ် [အထူးအလေးပြု ထည့်သွင်းခဲ့သည်]။” ဟု သူမက ပြောခဲ့သည်။

မြန်မာပြည်သူများ၊ တစ်နည်းအားဖြင့် ဆိုးဝါးလှသည့် နိုင်ငံတကာပြစ်မှု ဒဏ်ခံရသူများနှင့် ရှင်သန် ကျန်ရစ်သူများအနေဖြင့် ၎င်းတို့၏ နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင် အယုံအကြည်ချို့တဲ့နေသည့် စနစ်အပေါ် မည်ကဲ့သို့ ယုံကြည်နိုင်ပါအံ့နည်း။ ရိုဟင်ဂျာလူထုအပေါ်သာမက အခြားတိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာရေး လူနည်းစုများ အပါအဝင် မိမိနိုင်ငံမှ ပြည်သူလူထုများအပေါ် ဆယ်စုနှစ်နှင့်ချီ၍ ဆိုးဝါး ကြမ်းကြုတ်လှသော ပြစ်မှုများ ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းပါ ပါဝင်ဖွဲ့စည်းထားသော တရားရေးစနစ် အပေါ်  မိမိတို့၏အနာဂတ်ကို ပုံအပ်ခိုင်းရန် တောင်းဆို၍ မရနိုင်ပါ။

ICJ တွင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ့တပ်မတော်လုပ်ရပ်များနှင့် ပြည်တွင်းတရားရေး စနစ်ကို ကာကွယ်ပြောဆိုနေချိန်တွင် ရိုဟင်ဂျာလူမျိုး ၁၀၀ နီးပါးမှာ တရားမဝင် ဝင်ရောက်ခြင်းပြစ်မှုဖြင့် ပုသိမ်မြို့ရှိ တရားရုံးတစ်ခုတွင် အမှုရင်ဆိုင်နေခဲ့ရသည်။ ၎င်းတို့၏ တစ်ခုတည်းသောပြစ်မှုမှာ ရခိုင်ပြည်နယ်၌ [တောင်အာဖရိက] အသားအရောင် ခွဲခြားရေးစနစ်ကဲ့သို့ အခြေအနေမျိုးမှ လွတ်မြောက်လိုသောကြောင့် ရန်ကုန်မြို့တွင် ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် ခွင့်ပြုချက်မရရှိဘဲ ရွှေ့ပြောင်းရန် ကြိုးစားခဲ့ခြင်း သာဖြစ်သည်။ မိမိနိုင်ငံအတွင်း၌ နိုင်ငံခြားသားများသဖွယ် ဆက်ဆံ ခံရသော ကလေး ၂၅ ဦးပါ၀င်သည့် ယင်းရိုဟင်ဂျာများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်နှစ်နှစ်ကျခံရရန် အလားအလာ ရှိနေပါသည်။ ရိုဟင်ဂျာတို့၏ လွတ်လပ်စွာ သွားလာခွင့်မှာ ပြင်းပြင်းထန်ထန် ချုပ်ချယ်ခြင်း ခံနေရပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု၊ အသက်မွေးဝမ်းကျောင်းမှုများ မရှိဘဲ အမိုးအကာမဲ့ ချွေးတပ်စခန်းနှင့် အလားတူ အခြေအနေတွင် ဆက်လက်နေထိုင်နေကြရသည်။ ရိုဟင်ဂျာလူထု အပေါ် ဆက်လက်ဖိနှိပ် အပြစ်ပေးအရေးယူမှုများ၏ ရလဒ်အဖြစ် အသက်များ ထပ်မံဆုံးရှုံးမှု မရှိစေရေး သေချာစေရန်အတွက် အရေးပေါ် အစီအမံဆောင်ရွက်ချက်များ လိုအပ်ပါသည်။

ပြည်တွင်းတရားရေးစနစ်သည် ထိခိုက်လွယ်အဖြစ်ဆုံးနှင့် အပယ်ခံရဆုံးလူများကို ကာကွယ် မပေးနိုင်မှု ဆက်ဖြစ်နေပြီး ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ယူတာဝန်ခံရမည့် ရာဇဝတ် ကောင်များ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ကာကွယ်စောင့်ရှောက်ရေးသာ လုပ်ဆောင်နေကြောင်း ထင်ရှား နေသည်။ ယင်းကဲ့သို့သော စနစ်တစ်ရပ်သည် အဆိုးဝါးဆုံးနိုင်ငံတကာပြစ်မှုများ ကျူးလွန်ထားသူတို့ကို တရားစွဲဆိုစီရင်ရန် မည်ကဲ့သို့မျှ မတတ်နိုင်ပေ။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာ့တပ်မတော်မှ ဖန်တီးထားသည့် လုပ်ဇာတ်အမှားအစား အလုံးစုံအမှန်တရားကို ကမ္ဘာကြီးအား ပြောပြခြင်းဖြင့် လူသားမျိုးနွယ်အတွက်လည်းကောင်း၊ မြန်မာ့ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက်လည်းကောင်း၊ တရားမျှတရေးနှင့် တာဝန်ယူမှုတာဝန်ခံမှုအတွက် လည်းကောင်း၊ ကျူးလွန်ခံရသူများနှင့် ရှင်သန်ကျန်ရစ်သူများအတွက်လည်းကောင်း ကျင့်ဝတ် သိက္ခာပိုင်းအရ ရပ်တည်ပေးပါရန် မိမိတို့က ပန်ကြားအပ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်များစွာချီ၍ “နယ်မြေရှင်းလင်းရေး” ၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ကြုံတွေ့ခံစား နားလည်ခဲ့ကြသည်။ ရှမ်း၊ တအာင်း၊ ပအိုဝ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် စသည်တို့အပါအဝင် တိုင်းရင်းသားဒေသများတွင် နာမည်ဆိုးလှသည့် “ဖြတ်လေးဖြတ်စစ်ဆင်ရေး” သည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များကို ၎င်းတို့၏ဒေသများမှ မောင်းထုတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး သိန်းနှင့်ချီသော တိုင်းရင်းသားပြည်သူလူထု များမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်းရသူများ သို့မဟုတ် ထိုင်းနိုင်ငံနှင့် အခြားအိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် စစ်ပြေးဒုက္ခသည်များဘဝအဖြစ် ရောက်ရှိစေခဲ့ပါသည်။ တိုင်းရင်းသားလူထု အသိုင်းအဝိုင်းများအတွက် “နယ်မြေရှင်းလင်းရေး” ဆိုသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် EAO များ ဆက်လက်တိုက်ပွဲဝင်နေသော ဒေသများတွင် မြန်မာ့တပ်မတော်မှ ဆက်လက်ကျူးလွန်နေသည့် အုပ်စုလိုက်မုဒိမ်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မိသားစုဝင်များ မိတ်ဆွေများ အသတ်ခံရမှု၊ အိုးအိမ်များ ဘိုးဘွားပိုင်မြေများ လုယက်ခံရမှု၊ နှိပ်စက်ညှဉ်းပန်းမှု တို့ကဲ့သို့သော ဆိုးဝါးလှသည့် ရာဇဝတ်မှုများနှင့် အတူတူပင်ဖြစ်နေသည်။ ထို့အပြင် EAO များကို နိုင်ငံတကာစင်မြင့်ထက်၌ “သောင်းကျန်းသူများ” ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းရင်းသားလူမျိုးများအား ပေးထားသော ပင်လုံစာချုပ်ပါ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး ကတိကဝတ်နှင့် အနစ်သာရကို လွဲချော်ဆန့်ကျင်စေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အနည်းငယ်သာ ကျန်ရှိနေသည့် ယုံကြည်မှုကိုပင် ပိုမိုယိုယွင်းစေပါသည်။

ရက်စက်ကြမ်းကြုတ်သော အတိတ်သမိုင်းကို အမွေဆက်ခံထားခံရသော ဤနိုင်ငံ၏ အနာဂတ်ကို ပုံသွင်းရာ၌ တာဝန်ရှိသူများလည်းဖြစ်ကြသော မိမိတို့အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုကို ဆန့်ကျင်သောရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်မှုကို ဆန့်ကျင်ရပ်တည်ပြီး ယင်းဆိုးဝါးလှသည့် ပြစ်မှုများအား ကျူးလွန်ခဲ့သူများကို လွတ်လပ်သော နိုင်ငံတကာ တရားစီရင်ရေးဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေလိုပါသည်။ ယင်းသို့မဟုတ်လျှင် မိမိတို့အားလုံးသည် သိက္ခာမဲ့သောနိုင်ငံတစ်ခု၊ လူသားဆန်မှုအား မစောင့်ထိန်းသော သို့မဟုတ် ငြင်းပယ်သော နိုင်ငံတစ်ခုကို အနာဂတ်မျိုးဆက်များထံသို့ လက်ဆင့်ကမ်းရာ၌ အလိုတူအလိုပါ ဖြစ်သွားနိုင်ပြီး ယင်းသည်ပင် မိမိတို့၏အမွေအနှစ် ဖြစ်သွားပါလိမ့်မည်။

မိမိတို့မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော မတူကွဲပြားသည့် လူထုများမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ဖော်ဆောင်ရေးသည် မဖြစ်မနေ လိုအပ်ပါသည်။ သို့ဖြစ်၍ တရားရုံး (ICJ) အနေဖြင့် ရုံးတော်၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ဘက်မလိုက်ဘဲ အပြည့်အဝ ကျင့်သုံးပါရန် မိမိတို့မှ ပန်ကြားအပ်ပါသည်။ ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မြန်မာနိုင်ငံအတွက် တရားမျှတမှုဖော်ဆောင်ရေးနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖြစ်မြောက်ရေး အားထုတ်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် မိမိတို့မှ တိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ခုလုံးမှ လက်ရှိနှင့် နှောင်လာနောက်သားမျိုးဆက်များ၏ အနာဂတ်အတွက် လူသားဆန်မှု၏ အကောင်းဆုံး စံနမူနာအဖြစ် ဖော်ဆောင်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

အောက်ပါအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်း ၇၉ ဖွဲ့မှ ပါဝင်ထောက်ခံလက်မှတ် ရေးထိုးထား ပါသည်။

  1. Australia Karen Organisation Inc (AKO)
  2. Burma Human Rights Network (BHRN)
  3. Calgary Karen Community Association (CKCA)
  4. California Karen Youth Forum (CKYF)
  5. California Shan Social and Cultural Society 
  6. Coalition of Burma Ethnics Malaysia (COBEM)
  7. Eastern Pennsylvania Karen Community (EPKC)
  8. Edmonton Karen Community Association (EKCA)
  9. Edmonton Karen Community Youth Organization (EKCYO)
  10. European Karen Network (EKN)
  11. Finland Karen Culture Association (FKCA)
  12. International Karen Organization (IKO)
  13. Kachin Alliance
  14. Kachin Community in UK
  15. Kachin National Organization (KNO)
  16. Karen American Association of Wisconsin
  17. Karen Association of Huron South Dakota
  18. Karen Community of Akron (KCA)
  19. Karen Community of Canada (KCC)
  20. Karen Community of Hamilton (KCH)
  21. Karen Community of Illinois (KCI)
  22. Karen Community of Iowa
  23. Karen Community of Kansas City (KS & MO)
  24. Karen Community of Kitchener-Waterloo (KCKW)
  25. Karen Community of Leamington (KCL)
  26. Karen Community of London (KCL)
  27. Karen Community of Minnesota (KCM)
  28. Karen Community of North Carolina (KCNC)
  29. Karen Community of Ottawa (KCO)
  30. Karen Community of Regina (KCR)
  31. Karen Community of Saskatoon (KCS)
  32. Karen Community of Thunderbay (KCT)
  33. Karen Community of Toronto (KCT)
  34. Karen Community of Windsor (KCW)
  35. Karen Community of Winnipeg (KCW)
  36. Karen Community Society of British Columbia (KCSBC)
  37. Karen National Community – The Netherlands (KNC)
  38. Karen Organization of America (KOA)
  39. Karen Swedish Community (KSC)
  40. Karen Thai Group (KTG)
  41. Karen Youth of Toronto (KYT)
  42. Korea Karen Organization (KKO)
  43. Karenni-American Association (KnA)
  44. Karenni Civil Society Network (KCSN)
  45. Koung Jor Shan Refugee Camp
  46. Malaysia Karen Organization (MKO)
  47. Nationalities Alliance of Burma (USA)
  48. New Zealand Karen Association (NZKA)
  49. Oversea Karen Organization Japan (OKO-Japan)
  50. Progressive Voice (PV)
  51. Utica Karen Community (UKC)
  52. Zomi International Communities Organization (Leitungbup Zomi Innkuan Kipawlna)

မှတ်ချက်။         ။ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေးအတွက် လုပ်ဆောင်နေကြသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းများ တိုးပွားလာသည့်အတွက် ယခုထုတ်ပြန်ကြေညာချက်တွင် ပါဝင်လက်မှတ်ထိုးထားသော ပြည်တွင်း အခြေပြု အဖွဲ့အစည်း ၂၇ ဖွဲ့၏ အမည်များကို အထက်ပါစာရင်းထဲတွင် ဖော်ပြမထားခြင်း ဖြစ်သည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

သဘောထားထုတ်ပြန် မြန်မာဘာသာ PDF
သဘောထားထုတ်ပြန် အင်္ဂလိပ်ဘာသာ PDF

Related Posts:

Send this to a friend