ငြိမ်းချမ်းရေးအတွက် အမှန်တရားကိုဖွင့်ဟခြင်း။ ။ မြန်မာနိုင်ငံရှိ စစ်ပွဲနှင့် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုတို့နှင့်ဆိုင်သည့် အမျိုးသမီးများ၏ အတွေ့အကြုံများ
ရေငုံနှုတ်ဆိတ်နေရခြင်း၊ အကြမ်းဖက်မှုခံရခြင်းနှင့် တရားမဲ့ကင်းလွတ်ခွင့်များ၏ အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာကြာ ခံစားလာခဲ့ရပြီးနောက် ယ္ခုအချိန်သည် မြန်မာနိုင်ငံတနံတလျားမှ ရှင်သန်လွတ်မြောက်သူအမျိုးသမီးများအတွက် နိုင်ငံအတွင်းတွင်သာမက နိုင်ငံပြင်ပအထိပါ အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရမည့် အချိန်ရောက်လာပြီဖြစ်သည်။
၂၀၁၈ ခုနှစ် မတ်လ ၂၄ ရက်နေ့ တွင် အာရှတရားမျှတမှုနှင့်အခွင့်အရေးအဖွဲ့ (AJAR) သည် “ငြိမ်းချမ်းရေးအတွက် အမှန်တရားကိုဖွင့်ဟခြင်း – မြန်မာနိုင်ငံရှိ စစ်ပွဲနှင့် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုတို့နှင့်ဆိုင်သည့် အမျိုးသမီးများ၏ အတွေ့အကြုံများ” ဟူသော အစီရင်ခံစာနှင့် မှတ်တမ်းရုပ်ရှင်ကို ထုတ်ပြန်မည်ဖြစ်သည်။ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) နှင့် ဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်း (VWO) တို့နှင့် မှတ်တမ်းရုပ်ရှင်နှင့် အစီရင်ခံစာကို ပူးတွဲဆောင်ရွက်ခဲ့ပါသည်။ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကျူးလွန်ခံရသူများအတွက် ဂုဏ်သိက္ခာဆိုင်ရာ အမှန်တရားဖေါ်ထုတ်ခွင့်အခွင့်အရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ (International Day for the Right to the Truth Concerning Gross Human Rights Violations and for the Dignity of Victims) ကို ဂုဏ်ပြုသောအားဖြင့် ထိုနေ့တွင် အစီရင်ခံစာနှင့် မှတ်တမ်းရုပ်ရှင် စတင်ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသူနှင့် မြေယာအခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးများ၊ ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခဒေသများမှ တအာင်းအမျိုးသမီးများ၊ ကရင်ပြည်နယ် ပဋိပက္ခအတွင်း ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကရင်အမျိုးသမီးများ စုစုပေါင်းအမျိုးသမီး ၃၁ ဦး၏ ဘဝဖြတ်သန်းမှုဖြစ်စဉ်ကို အစီရင်ခံစာက ဖေါ်ကျူးထားသည်။ အစီရင်ခံစာသည် AJAR နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆွေးနွေးမှုနည်းလမ်းများမှတဆင့် ကောက်ယူခဲ့သော သုတေသနပြုချက်များ ကို အခြေခံသည်။ အစီရင်ခံစာသည် AJAR ၏ ပြစ်ဒဏ်မှကင်းလွတ်ခြင်း အစဉ်အလာကိုဖယ်ရှားခြင်း (Unlearning Impunity) အစီရင်ခံစာပါ အစီရင်ခံစာရေးသားခြင်းနည်းနာကို အနှစ်ချုပ် ဖေါ်ပြထားပြီး၊ မိမိတို့ သုတေသနပြုချက်မှ အဓိကတွေ့ရှိချက်များကို တင်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း ရှင်သန်လွတ်မြောက်သူ အမျိုးသမီးများအတွက် အမှန်တရား၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ကုစားပေးရေးတို့ ပေါ်ပေါက်စေရေးနှင့် ပတ်သက်သော အကြံပြုချက်များကိုပါ ဖေါ်ပြထားသည်။
အစီရင်ခံစာနှင့် တပေါင်းတည်းပါဝင်သော မှတ်တမ်းရုပ်ရှင်သည် အစီရင်ခံစာတွင် ဖေါ်ပြထားသော အမျိုးသမီး ၃ ဦး၏ ဘဝ ဖြတ်သန်းမှုကို အတွင်းကျကျ သရုပ်ဖေါ်ပြသထားသည်။ မြန်မာနိုင်ငံအတွင်းရှိ ရှင်သန်လွတ်မြောက်သူ အမျိုးသမီးများသည် ၎င်းတို့ဖြတ်သန်းမှု အတွေ့အကြုံများကို အတူတကွဖလှယ်ကြခြင်း၊ ငြိမ်းချမ်းရေးအတွက် အတူတကွတောင်းဆိုလာခြင်း၏ အစကို မှတ်တမ်းရုပ်ရှင်တွင် ပြသထားသည်။
မတူညီသော ဘဝဖြတ်သန်းမှုဖြင့် ရုန်းကန်ကြရသော မြန်မာနိုင်ငံအမျိုးသမီးများသည် လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် ၎င်း၏ နောက်ဆက်တွဲ သက်ရောက်မှုများကိုပါ ခံစားနေကြရသည်။ သို့သော်လည်း ကိုယ့်အားကိုယ်ကိုး ကြံ့ကြံ့ခံ အသက်ရှင်ရပ်တည်နေကြသည်။ ထိုနည်းလမ်းများတွင် အသက်မွေးဝမ်းကြောင်းမှု အသစ်တည်ဆောက်ခြင်းများလည်း ပါဝင်သည်။ ရှင်သန်လွတ်မြောက်သူ အမျိုးသမီးများ အတွက် အကူအညီလိုအပ်သည်။ အခြေခံဝန်ဆောင်မှုများအသုံးပြုခွင့်ရှိရန် လိုအပ်သည်။ အကြမ်းဖက်မှု၏ နောက်ဆက်တွဲများ ဖြေရှင်းရန် စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုများ လိုအပ်သည့်အပြင် ၎င်းတို့ခြေပေါ် ရပ်တည်နိုင်ရန်အတွက်ပါ ကူညီပေးရန် လိုအပ်သည်။ ပြန်လည်ကုစားခြင်းအစီအစဉ်များသည် ရှင်သန်လွတ်မြောက်သူများကို အကူအညီပေးခြင်းအတွက် အလွန်အရေးပါသော နည်းလမ်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
“ရှင်သန်လွတ်မြောက်သူ အမျိုးသမီးများနှင့် ကျမတို့ လက်တွဲဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံအရ ပဋိပက္ခနှင့် အကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေအပေါ်မှာ ရေရှည်သက်ရောက်မှုရှိတယ်ဆိုတာ တွေ့နိုင်ပါတယ်။ သူတို့တွေက အသက်မွေးဝမ်းကြောင်းအလုပ်တွေကို ဖျက်ဆီးလိုက်ကြတယ်။ အဲဒီအတွက်ကြောင့် နှစ်ရှည်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစိန်ခေါ်မှုတွေ ဖြစ်စေပါတယ်။ ရှင်သန်လွတ်မြောက်သူ အမျိုးသမီးတွေအတွက် အထူးသီးခြားပြုထားတဲ့ ကျန်းမာရေး၊ စိတ်ဒဏ်ရာကုစားရေးဝန်ဆောင်မှုများအပြင် စီးပွားရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်နိုင်ရန် အကူအညီပေးသော အထူးဝန်ဆောင်မှုတွေ လိုအပ်ပါတယ်။” ဟု AJAR ၏ ညွှန်ကြားရေးမှူး ဂါလူးဝမ်ဒီတာ (Galuh Wandita) က ပြောဆိုခဲ့သည်။
စစ်မှန်သော၊ သက်ဆိုင်သူများ ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတဆင့် စစ်ပွဲများ၊ အကြမ်းဖက်မှုများကို အလျင်အမြန် ရပ်တန့်ရမည် ဖြစ်သည်။ “အမျိုးသမီးများ၏ ဘဝရှင်သန်မှုနှင့် လူမှုအသိုင်းအဝန်းအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများ ဆောင်ကျဉ်းနိုင်ရန် အမျိုးသမီးများ၏ မတူကွဲပြားသော အတွေ့အကြုံ ဖြတ်သန်းမှုများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ရှင်သန်လွတ်မြောက်သူများ၏အသံနှင့် တောင်းဆိုမှုများမပါပဲ အဓိပ္ပါယ်ပြည့်ဝသောငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ ရေရှည်တည်တန့်မည့် အနာဂါတ်တစ်ခုတည်ဆောက်နိုင်ရန် အမျိုးသမီးများ၏ အသံကို မဖြစ်မနေ နားထောင်ရမှာ ဖြစ်ပါတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ လွေးပို;ကမေ;ခြိုဝ်းက မှတ်ချက်ပြုခဲ့သည်။
ရှင်သန်လွတ်မြောက်သူ အမျိုးသမီး စုစုပေါင်း ၃၁ ဦးတို့နှင့် ထဲထဲဝင်ဝင် ဆွေးနွေးခဲ့သော ဆွေးနွေးမှုများကို အခြေခံ၍ မြန်မာနိုင်ငံအစိုးရ၊ အစိုးရစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြုလူမှုအသိုင်းအဝန်းများကို မိမိတို့အနေဖြင့် အောက်ပါအကြံပြုချက်များအပါအဝင် အကြံပြုချက်များတင်ပြလိုက်သည်။
- ပဋိပက္ခဖြစ်စဉ်အတွင်းနှင့် နိုင်ငံရေးဖိနှိပ်မှုကာလများအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အထူးသဖြင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်။
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် အမျိုးသမီးများ၏ အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှုရှိစေရန်။
- ရှင်သန်လွတ်မြောက်သူများ၏ အမှန်တရားသိရှိခွင့်အခွင့်အရေးကို အသိအမှတ်ပြုရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်သော၊ ဘက်လိုက်မှုကင်းသော၊ ထိရောက်သော စုံစမ်းဖေါ်ထုတ်မှုများ စတင်ဆောင်ရွက်ရန်။
- ရှင်သန်လွတ်မြောက်သူများ၏ တရားမျှတမှုရပိုင်ခွင့်အခွင့်အရေးကို အသိအမှတ်ပြုရန်နှင့် ဥပဒေကြောင်းအရ အထောက်အကူ ပေးရန်၊ ကျူးလွန်သူများ တာဝန်ခံမှုရှိစေမည့် ပွင့်လင်းမြင်သာသော တရားစီရင်မှုစနစ်ကို အသုံးပြုခွင့်ရှိစေရန်။
- ရှင်သန်လွတ်မြောက်သူများ၏ ပြန်လည်ကုစားမှုရပိုင်ခွင့် အခွင့်အရေးကို အသိအမှတ်ပြုရန်။ အမျိုးသမီး ရှင်သန်လွတ်မြောက်သူများအတွက် အစီအစဉ်များ ချမှတ်ပေးရန်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ စိတ်ဒဏ်ရာကုစားမှုကဏ္ဍ၊ မျိုးပွားကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ အလုပ်အကိုင်ဖန်တီးခြင်းကဏ္ဍ၊ အတတ်ပညာသင်တန်းများပေးခြင်းကဏ္ဍနှင့် အသေးစားငွေချေးလုပ်ငန်း ကဏ္ဍများ အပါအဝင်ဖြစ်သည်။
အာရှတရားမျှတမှုနှင့် အခွင့်အရေးအဖွဲ့ (AJAR) – http://asia-ajar.org
ကရင်အမျိုးသမီးအစည်းအရုံး (KWO) – https://karenwomen.org
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) – http://en.palaungwomen.com
ဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်း (VWO)
ဆက်သွယ်ရန်
- Galuh Wandita, Director, AJAR: [email protected], +95 (0) 9975 836 002
- Naw Wah Ku Shee, KWO: [email protected], +66(0) 8611 822 61
- Lway Poe Kamae Khour, TWO: [email protected], +95 (0) 9256 128 582
- Daw Khin Mi Mi Khine, VWO: ruleofla[email protected], +95 (0) 9780 025 967
မှတ်တမ်း ရုပ်ရှင်ကိုအောက်ပါ အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
- အင်္ဂလိပ်ဘာသာ – https://youtu.be/hJ899MDTCrI
- မြန်မာဘာသာ – https://youtu.be/AhV21C0aohY
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
သတင်းထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။