Press Release 687 Views

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ရခိုင်အရပ်သားအား အသေပစ်ခတ်ခြင်းအပေါ် ချက်ခြင်းအရေးယူဆောင်ရွက်ပေးပါရန်

April 10th, 2017  •  Author:   All Arakan Students’ and Youths’ Congress  •  1 minute read
Featured image

ရခိုင်ပြည်၊ စစ်တွေခရိုင်၊ အင်္ကြားချိုင်ကျွန်းရှိ နတ်ရှင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဧပြီလ (၃)ရက်နေ့နံနက်(၁၀း၁၅) အချိန်ဝန်းကျင်၌ ဦးဝင်းဌေး (ခေါ်) မောင်ဖြူဒေါင်း အသက် (၂၈)နှစ်အား မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့မှပစ်ခတ်ခြင်းအပေါ် မိမိတို့ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (ရ၊ က၊ လ၊ စ)မှပြင်းထန်စွာရှုတ်ချပါသည်။

ရခိုင်အရပ်သား မောင်ဖြူဒေါင်းအား ကျိုးကြောင်းခိုင်လုံမှုမရှိဘဲပစ်ခတ်မှုပြုလုပ်သူ ရဲဝန်ထမ်းဦးထွန်းလင်း နှင့် ပစ်ခတ်ရန်အမိန့်ပေးခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်တို့အား ဘက်လိုက်မှုကင်းပြီး လွတ်လပ်စွာ အရေးပေါ်စုံစမ်းစစ်ဆေးမှုပြုလုပ်ရေးနှင့် ထိုပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား ချက်ခြင်းအရေးယူပေးရန် (ရ၊က၊လ၊စ)မှ မြန်မာအာဏာပိုင်များအား လေးနက်စွာ တောင်းဆိုပါသည်။

ဒေသခံမျက်မြင်သက်သေများမှ မိမိတို့၏ ကွင်းဆင်းလေ့လာသူတာဝန်ခံအား ပြောပြချက်အရ ဧပြီလ(၃)ရက် တနင်္လာနေ့ ညနေ ခန်းမှန်းခြေ (၁၀:၁၅) အချိန်တွင် ကျောက်ဆူကျေးရွာအုပ်စုရှိ လုံခြုံရေးကင်းတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်တို့သည် နတ်ရှင်ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ဦးမောင်သန်းအမည်ရှိ ရွာသားအား အရက်မူးခြင်းနှင့် ရဲတပ်ဖွဲ့ကင်းလှည့်သည်ကို စော်ကားမှုတို့ဖြင့် ဖမ်းချုပ်မှုကိုပြုလုပ်ခဲ့ပါသည်။ ဦးမောင်သန်း၏ ယောက်ဖဖြစ်သူ မောင်ဖြူဒေါင်းသည် ရဲအရာရှိများအား ဦးမောင်သန်းကို ဖမ်းဆီးမှုမပြုလုပ်ရန်နှင့် ရဲစခန်းသို့ နောက်တစ်နေ့မနက်တွင် ပြဿနာကိုလာရောက်ဖြေရှင်းမှုပြုပါမည်ဟု တောင်းပန်ခဲ့ပါသည်။ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်မှ မည်သူ့ကိုမှဂရုမစိုက်ဘဲ ဦးမောင်သန်းကို ဖမ်းဆီးခေါ်ဆောင်သွားရန်နှင့် လိုအပ်ပါက ပစ်ခတ်နိုင်ကြောင်း ရဲတပ်ဖွဲ့အားပြောကြားခဲ့ပါသည်၊ ရဲဝန်ထမ်းဦးထွန်းလင်းမှ မောင်ဖြူဒေါင်းကို စတင်ပစ်ခတ်မှုပြုခဲ့ပါသည်။ စုစုပေါင်းကျည်ဆန်(၆)ချက် ပစ်ခတ်ခဲ့သည်ဟု သိရှိရပါသည်။ သုံးချက်မှာ ဝမ်းဗိုက်သို့ထိမှန်ပြီး ပေါင်သို့တစ်ချက်ထိမှန်ခဲ့ပါသည်။ သွေးများစွာဖြင့်မြေပြင်ပေါ်သို့လဲကျသွားသော မောင်ဖြူဒေါင်းအား ဆေးရုံသို့ခေါ်ဆောင်သွားရန် စီမံမှုမရှိဘဲလုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မောင်ဖြူဒေါင်းအား ဒေသခံကျေးရွာသားများမှ စက်လှေအသေးတစ်စီးဖြင့် အင်္ကြားချိုင်ကျွန်းမှ ပေါက်တောမြို့နယ်ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ကြပါသည်။ ဆေးရုံသို့ ညသန်းခေါင်အချိန်တွင်ရောက်ရှိခဲ့ပြီး သုံးနာရီအကြာတွင် သွေးထွက်လွန်မှုကြောင့် သေဆုံးခဲ့ပါသည်။ ”ဒီလိုမျိုး မြန်မာလုံခြုံရေးတပ်ဖွဲ့က အပြစ်မဲ့ပြည်သူတစ်ဦးကို ကျိုးကြောင်းခိုင်လုံမှုမရှိဘဲ ပစ်ခတ်မှုဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်နေတဲ့အချိန်ကာလမှာ လက်ခံနိုင်ဖွယ်ဖြစ်ရပ်တစ်ခုမဟုတ်ပါဘူး။ နိုင်ငံသားများရဲ့အခြေခံအခွင့်အရေးများနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကပေးအပ်ထားတဲ့ အခွင့်အရေးများကို ချိုးဖောက်သည်မှာ သိသာထင်ရှားနေပါတယ် ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကိုလည်းဆန့်ကျင်နေပါတယ်။ဒါ့အပြင် ပြစ်မှုကျူးလွန်သူဟာ ပြည်သူပြည်သားများအား ကာကွယ်စောင့်ရှောက်မှုပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ဖြစ်နေပါသေးတယ် ” ဟုAASYC မှ လူအခွင့်အရေးမှတ်တမ်းနှင့် သုတေသနဌာနတာဝန်ခံ ကိုတိန်ဦးမှဆိုသည်။

ထပ်မံပြောဆိုသည်မှာ မြန်မာအစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့မှ ယခုဖြစ်ရပ်အပေါ် ဘက်လိုက်မှုကင်းသော၊ လွတ်လပ်သော၊ထိရောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ အဆိုပါပြစ်မှုကျူးလွန်သူတွေအတွက် ၎င်းတို့မှ ထိုက်ထံသောပြစ်ဒဏ်များနှင့်အညီ အရေးယူပေးရမှာဖြစ်ပါတယ်။

လွတ်လပ်၍ ဘက်လိုက်မှုကင်းသော စုံစမ်းစစ်ဆေးမှုကိုပြုလုပ်ရန် တောင်းဆိုသကဲ့သို့ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အရပ်ဘက်အုပ်ချုပ်မှုအောက်တွင် ရှိစေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကျူးလွန်သူများကိုလည်း တာဝန်ယူမှုရှိကြစေရန် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်အစည်းအရုံးမှ မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းပါသည်။

ဆက်သွယ်ရန်
ကိုတိန်ဦး – အင်္ဂလိပ်၊ မြန်မာနှင့် ရခိုင်ဘာသာ +66 (0) 0881450366
ကိုစောထွန်း – မြန်မာနှင့် ရခိုင်ဘာသာ +95 (0) 09773388464


ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။