ဦးကိုနီအား လုပ်ကြံမှုကြီး အပေါ်ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်

02 February 2017

တရားလွှတ်တော် ရှေ့ နေကြီး ဦးကိုနီ သည် ယနေ့  ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံလိုက်ရကြောင်း သတင်းရရှိသည်။ စစ်အာဏာရှင်စနစ် ဆက်လက်ကြီးစိုးနေသည့် အချိန်တွင် “လူကို ခွေးသတ်သည့် ဇာတ်လမ်း” ပြန်စလာပြီ ဖြစ်ကြောင်း ထင်ထင်ရှားရှားမြင်နိုင်သည်။ တိုင်းပြည်အတွက် ဥပဒေရှုဒေါင့်မှ နေ၍ သူတတ်နိုင်သမျှကြိုးပမ်းစွမ်းဆောင်သွားခဲ့သည့် အဖိုးတန်လူတော်တဦးဖြစ်သူ ဦးကိုနီ ဆုံးရှုံးသွားရခြင်းအတွက် ဥပဒေအထောက်အကူပြုကွန်ရက်အနေဖြင့် များစွာ ၀မ်းနည်းကြောင်း ထုတ်ပြန်အပ်ပါသည်။ ဦးကိုနီ လုပ်ကြံခံရမှု နှင့် စပ်လျှဉ်း၍အောက်ပါအတိုင်း သုံးသပ်တင်ပြလိုက်ပါသည်။

၁။ ဦးကိုနီ သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ ဦးနှောက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်လျှက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ခေါင်းလျှိုး ၀င်ရောက်သွားခဲ့သော်လည်း ဦးကိုနီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စစ်အာဏာရှင်စနစ် သံလှောင်အိမ်ကို ကောင်းစွာ သဘောပေါက်သူဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်၍ မရနိုင်၊ အသစ်ဆွဲသင့်ကြောင်း အတိအလင်းထောက်ပြခဲ့ သူဖြစ်သည်။ ဖက်ဒရယ်ဟူသော ဝေါဟာရ တကျော့ပြန် ခေတ်စားလာသည့် အချိန်တွင် ၂၀၀၈ ဖွဲ့ စည်းပုံသည် (စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို မတည်ဆောက်နိုင်သော) သဏ္ဍန်ဆောင်ဖက်ဒရယ် (Quasi Federal) သာ ဖြစ်သည်ဟူ၍လည်း ဒီမိုကရက်တစ်မြန်မာ့အသံ၏ ဆွေးနွေးခန်းတခုတွင် ပြတ်သားစွာ ပြောကြားသွားခဲ့သူဖြစ်သည်။

၂။ ဦးကိုနီ လုပ်ကြံခံလိုက်ရခြင်းနှင့် စပ်လျှဉ်း၍ ပထမဆုံးတာဝန်ရှိသည်မှာ စစ်အာဏာရှင်စနစ်နှင့် ယင်းကို ဆက်လက်ဖော်ဆောင်လျှက်ရှိသော မြန်မာ စစ်ခေါင်းဆောင်ဟောင်းသစ်များ ဖြစ်သည်။ စစ်တပ်၊ ရဲ၊ အမျိုးသား လုံခြုံရေး၊ ထောက်လှမ်းရေးအဖွဲ့များအားလုံးအပါအ၀င် တိုင်းပြည် လုံခြုံရေးနှင့် ဆိုင်သော အဆောက် အအုံများ ( State Security Institutions ) များ၊ အာဏာယန္တရားများအား၎င်းတို့ကပင် တင်းကြပ်စွာ ဆက်လက်ထိန်းချုပ် ထားဆဲ ဖြစ်သောကြောင့်ပင်။ တိုင်းရင်းသားပြည်နယ်များတွင်သာမက ရန်ကုန်မြို့ ကြီးတွင်ပါ ဥပဒေစိုးမိုးရေးပျက်နေသည်မှာ မဖြစ်သင့်တော့ပါ။
မြန်မာစစ်ခေါင်းဆောင်ဟောင်းသစ် မှန်သမျှသည် နိုင်ငံရေးနယ်ပယ်မှ အပြီးတိုင် ဆုတ်ခွါကာ တိုင်းပြည်လုံခြုံရေးနှင့်ဆိုင်သော အဆောက် အအုံများအား လူထုလက်ဝယ်သို့ အမြန်ဆုံး ပြန်လည် လွှဲအပ်ပေး ရန် တောင်းဆိုသည်။

၃။ ဦးကိုနီ လုပ်ကြံခံလိုက်ရခြင်းနှင့် စပ်လျှဉ်း၍ ဒုတိယ တာဝန်ရှိသူမှာ
ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ တိုင်းပြည် လုံခြုံရေးနှင့် ဆိုင်သော အဆောက်အအုံများအား တကယ်တန်းထိမ်းချုပ်ခွင့် မရပါဘဲလျှက် အစိုးရဟူသော အမည်ကို ခံယူ၊ (စစ်အာဏာရှင်စနစ်ကို ပေါ်ပေါ်ထင်ထင်
ဆက်လက်ကျင့်သုံးလျှက်ရှိသော) မြန်မာစစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် ပုလင်းတူဗူးဆို့ လိုက်ပါ လုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ လူ့ သမိုင်းအဆက်ဆက်မှ နေ၍ ယနေ့ အချိန်အထိ အစိုးရ၏ အဓိက အကျဆုံးတာဝန်မှာ ပြည်သူလူထု၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက် ရန် ဖြစ်သည်။ သူမ၏ အစိုးရသည် ယင်းတာဝန်ကို အချိုးဖောက်ဆုံး
သောအစိုးရဖြစ်လျှက်ရှိသည်။

၎။ သူမသည် ဥပဒေစိုးမိုးရေးကို တစာစာပြောဆိုနေသော်လည်း အစိုးရဖြစ်ပြီးနောက်ပိုင်း (ကောင်းခါးစစ်ရာဇ၀တ်မှုကြီးအပါအ၀င်)
မြန်မာစစ်တပ်က တိုင်းရင်းသားပြည်နယ်များတွင် ဆက်တိုက်ကျူးလွန် လျှက်ရှိသော ပြစ်မှုကြီးများအား မသိခြင်ယောင်ပြုလျှက် ရှိသည်။ သူမ တချိန်တုံးက ကြွေးကြော်ခဲ့သည့် ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
(Freedom from Fear) ဟူသည်မှာ ယနေ့ အချိန်တွင် သူမအတွက် မှန်ကောင်းမှန်မည် ဖြစ်သော်လည်း အခြေခံတိုင်းရင်းသားလူထုများ၊ နေရင်းရပ်ရွာစွန့်ခွာရွှေ့ပြောင်းနေကြရသည့် IDP များ၊ ဒုက္ခသည်များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ စစ်ဘေးရှောင်နေကြရသူများ အတွက် မမှန်ပါ။ ပို၍ ပို၍သာ ဆိုးဝါးလာလျှက်ရှိသည်။ သို့ပါလျှက် တိုင်းပြည် လုံခြုံရေး နှင့် ဆိုင်သော အဆောက်အအုံများ အားလုံးကို ထိမ်းချုပ်ထားသည့် ကာချုပ်မင်းအောင်လှိုင် အကြိုက်ကိုသာ လိုက်ပါလုပ်ဆောင်၊ နိုင်ငံတကာအဆင့်ရှိ ပြစ်မှုကျူး လွန်နေမှုကြီးများကိုပင် မသိခြင်ယောင်ဆောင် ဖုံးကွယ်ထားခြင်းကြောင့် ဥပဒေစိုးမိုးရေးပျက်ပြားသည်ထက် ပျက်ပြားလာလျှက် ရှိသည်။

၅။ တန်ဘိုးရှိသော ရှေ့ နေကြီးတဦးဖြစ်သည့် ဦးကိုနီ လုပ်ကြံခံလိုက်ရခြင်း အပေါ်သင်္ခန်းစာ ယူကာ မြန်မာနိုင်ငံအတွင်းရှိ ရှေ့နေထုကြီးသည် နိုးထသင့်ပါပြီ။ ရှေ့နေအသင်းအစည်းအဝေးများအတွင်းမှာပင် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေးရဲခြင်း မရှိမှုများ၊
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်အပြစ်ပေးခြင်းမရှိပါက မည်သည့်အခါ တွင်မျှ ဥပဒေစိုးမိုးရေးမရနိုင်ဟူသည့် အသံကိုပင် ရှေ့နေထုကြီးအတွင်းမှ
အားကောင်းစွာထွက်ပေါ်မလာမှုများ၊ တိုင်းရင်းသားပြည်နယ်များတွင် လူထုအမြောက်အများဘ၀ပျက်နေကြရ၊ ဥပဒေစိုးမိုးရေးသိသာထင်ရှားစွာ ဆုံးရှုံးနေမှုများကို နုတ်ပိတ်ရေငုံနေမှုများအား ရှေ့နေလောကသမိုင်းတွင် ထားခဲ့သင့်ပါပြီ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မတိုင်ခင်
မြန်မာနိုင်ငံ တရားရုံးချုပ်ရှေ့ နေများကောင်စီ (Bar Council) ၏ ရဲဝံ့ပြတ်သားစွာ ရပ်တည်ခဲ့မှုမျိုးကို ရှေ့ နေကြီးများအားလုံး ပြန်လည်
စဉ်းစား ရန်မေတ္တာရပ်ခံအပ်ပါသည်။

၆။ ဦးကိုနီ သတ်ဖြတ်ခံရခြင်းမှာ သာမန်ရာဇ၀တ်မှု မဖြစ်နိုင်။ နိုင်ငံရေုးလုပ်ကြံမှုဟု၏ ကောက်ယူနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD အစိုးရသည် တိုင်းပြည် လုံခြုံရေးနှင့် ဆိုင်သော အဆောက်အအုံများကို မိမိတို့လက်ဝယ်တွင်ထားရှိ ထိမ်းချုပ်ခွင့်မရစေဦးတော့၊ ဤအမှုကြီးနှင့် စပ်လျှဉ်း၍ အမှုမှန်ပေါ်ပေါက်ရန်၊ လူသတ်သမား၏
နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားနေသူ အစစ်အမှန်ကို ဖော်ထုတ်နိုင်ရန် နိုင်ငံတကာ၏ အကူအညီကို တရားဝင်တောင်းဆိုသင့်သည်။ မည်သို့မျှ အရာရောက်မှုမရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသောကြွေးကြော်သံအောက်တွင် ပြစ်မှုကြီးများ မှန်သမျှအား ဥပက္ခာပြုထားမှုများကိုအဆုံးသတ်ရန်လိုအပ်နေပြီ ဖြစ်ကြောင်း
တောင်းဆိုသည်။

၇။ ဦးကိုနီ လုပ်ကြံခံရမှုကြီးနှင့် စပ်လျှဉ်း၍ မည်သူ့ကိုပင်ဖမ်းဆီးစစ်ဆေး သည်ဖြစ်စေ၊ ဥပဒေစိုးမိုးရေး အခြေခံတွင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ တရားမျှတစွာစစ်ဆေးစီရင်မှု (Fair Trial) အခြေခံမူများအား
အောက်ပါအတိုင်းကျင့်သုံးရန် အာဏာပိုင်များအားတောင်းဆိုသည်။

ဖမ်းဆီးခံရသူ၏ အခွင့်အရေး
၁။ ဖမ်းဆီးကြောင်း လျှင်မြန်စွာ အကြောင်းကြားမှု ရယူခွင့်။
၂။ ဖမ်းဆီးခံရသူနားလည်တဲ့ ဘာသာစကားနဲ့ ရိုးရိုး ရှင်းလင်းပြောကြားမှု
ကို ခံယူခွင့်။
၃။(မြန်မာစကားကိုကောင်းမွန်စွာ နားမလည်လျှင်) စကားပြန်ရယူခွင့်။
၎။ ဖမ်းဆီးသည့် အကြောင်းရင်းကို သိရှိခွင့်။ (အချက်အလက်နဲ့
ဥပဒေကြောင်းရှိရမည်။)
၅။ လုပ်ထုံးလုပ်နည်းနှင့် အညီမဟုတ်ဘဲ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်။
၆။ ဖမ်းဆီးခြင်း၏ တရားဝင်မှုကို သိရှိခွင့်။
(၁) မည်သည့်ဥပဒေ၊ ပုဒ်မ နှင့် ဖမ်းဆီးကြောင်း (Lawful)
(၂) ကျိုးကြောင်းခိုင်လုံမှု ရှိကြောင်း (Reasonable)
(၃) လိုအပ်ကြောင်း (Necessary)
၇။ သံသယနှင့် ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်။
(၁) သင့်မြတ်လျော်ကန်မှု မရှိခြင်း (Inappropriateness)
(၂) မတရားခြင်း (Injustice)
(၃) ခန့် မှန်းနိုင်ခြေကင်းမဲ့ခြင်း (Lack of Predictability)
(၄) ဥပဒေလုပ်ထုံးလုပ်နည်း အဆင့်ဆင့် နှင့် အညီ မဟုတ်ခြင်း
(Due process of law)
(သံသယ ရှိရုံနဲ့ မရ၊ အဘယ်ကြောင့် သံသယရှိကြောင်း သိရှိခွင့်။)
၈။ ဖမ်းဆီးတဲ့ အရာရှိမည်သူ ဖြစ်ကြောင်း၊
တရားဝင်ဖမ်းဆီးပိုင်ခွင့်ရှိသူဖြစ်ကြောင်း သိရှိခွင့်။
၉။ ဖမ်းချုပ်ထားတဲ့ နေရာကို သိရှိခွင့်။
၁၀။ ဖမ်းဆီးခံရပြီးနောက်မိသားစုနှင့် ဆက်သွယ်ခွင့်၊ ပြင်ပကမ္ဘာနှင့်
ဆက်သွယ်ခွင့်၊ လူမှုရေး ကူညီ ထောက်ပံ့မှုများ ရယူခွင့်၊
ဖမ်းဆီးချုပ်နှောင်ထားခံရစဉ်အတွင်း သင့်တင့်လျောက်ပတ်သော
စားရေး၊ နေရေး စီစဉ်မှု ရယူခွင့်။
၁၁။ ရှေ့ နေ နှင့် တိုင်ပင်ခွင့်၊ ရှေ့ နေ၏ အကူအညီ ရယူခွင့်။
၁၂။ ညှင်းပမ်းနှိပ်စက် စစ်ဆေးမေးမြန်းခံရခြင်းမှ ကင်းလွတ်ခွင့်။
၁၃။ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားစရာ အကြောင်းရှိနေသေးလျှင်လည်း
သိရှိခွင့်။
၁၄။ အချုပ်လွတ်ထုခြေခွင့် (အာမခံ) ရရှိစေရန် စီစဉ်ဆောင်ရွက်နိုင်ခွင့်။
၁၅။ ပြစ်မှုကျူးလွန်ကြောင်းတရားရုံးမှ မဆုံးဖြတ်မခြင်း အပြစ်ကင်းမဲ့သူအနေဖြင့်မှတ်ယူ ဆက်ဆံခံပိုင်ခွင့်။
၁၆။ ဥပဒေနှင့် အညီ အမြန်ဆုံး တရားရုံးတင် စစ်ဆေးမှု ရယူခွင့်။
၁၇။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော အရပ်ဘက်ဆိုင်ရာ
တရားစီရင်ရေး နှင့် တရားရုံး၏ စစ်ဆေး စီရင်မှုကိုရယူခွင့်။
၁၈။ လွတ်လပ်သော ဥပဒေရေးရာအဖွဲ့အစည်းများထံမှ ဥပဒေရေးရာ
အကူအညီ ရယူခွင့်။

Legal Aid Network (LAN)
ဥပဒေအထောက်အကူပြုကွန်ရက်

အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်
ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ

E.mail: [email protected]
Website:legalaidnetwork.org

သဘောထားထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia