25 November 2016
Asia Justice and Rights and Women’s League of Burma
ယနေ့တွင်ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အချိန်အခါသမယတွင် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)သည် “မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းဝင်များမှ ကျူးလွန်သော ကျား-မ ကွဲပြားမှုပေါ် အခြေခံသော အကြမ်းဖက်မှု ကျူးလွန်ခံရသူအမျိုးသမီးများအတွက် အမှန်တရားရရှိရေး”ဟု အမည် ပေးထားသော ဆွေးနွေးသုံးသပ်ချက် တခုကို ထုတ်ပြန်လိုက်သည်။
ဤဆွေးနွေးသုံးသပ်ချက်သည် လက်နက်ကိုင် စစ်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသများတွင် မြန်မာတပ်မတော်တပ်ဖွဲ့ဝင်များက အများဆုံးပါဝင် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ် (၉၀)ကျော်ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားသည်။ ယင်းတို့မှ အမှု(၅) မှုကိုသာ အရပ်ဖက် တရားရုံးများတွင် ကြားနာခဲ့ခြင်းသည် မကြာသေးမီ က မြန်မာနိုင်ငံ၏ တစ်ပိုင်းတစ်စ ဒီမိုကရေစီ အပြောင်းအလဲတွင် လုံခြုံရေးတပ်ဖွဲ့များသည် တာဝန်ယူမှု၊ တာဝန်ခံမှုမှ ဆက်လက်လွတ်မြောက်လျက်ရှိနေကြောင်း ပြသနေသည်။
တရားမျှတမှုအတွက် အဓိက အတားအဆီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အပြစ်ပေးအရေးယူခြင်းမှ စနစ်တကျ ကင်းလွတ်ခွင့်ရှိနေခြင်းဖြစ်သည်။ ယင်းသည် စစ်တပ်နှင့် အစိုးရအရာရှိကြီးများကို သူတို့၏ တန်းပြည့် တာဝန်များ ထမ်း ဆောင်နေစဉ်အတွင်း ကျူးလွန်သော ရာဇ၀တ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်ကို အာမခံထားပြီး စစ်ဖက်ဆိုင်ရာ တရားစီရင်မှု ဖြစ်ရပ်များတွင် ကာကွယ်ရေး ဦးစီးချုပ်၏ ဆုံးဖြတ်ချက်ကို “အပြီးအပြတ်ဖြစ်သည်”ဟု ဖော်ပြထားခြင်းဖြင့် ၄င်း၏ အဆုံး အဖြတ်ကိုသာ အတည်ဖြစ်စေခြင်းဖြစ်သည်။
အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ရစေသည့် အခြားသော အခြေခံ အကြောင်းရင်းမှာ လွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ထိရောက်သော တရားစီရင်မှု အားနည်းခြင်းများကြောင့် ဖြစ်သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် တရားရုံး၏ လုပ်ဆောင်မှု များအပေါ် အစိုးရအဖွဲ့ဝင် ကျူးလွန်သူများ၏ ထိန်းချုပ်မှု၊ သြဇာလွှမ်းမိုးမှုများနှင့် ပတ်သက်သည့် အစီရင်ခံမှုများမှာ ဖြစ်လေ့ ဖြစ်ထပင် ဖြစ်နေသည်။ အမျိုးသမီးများသည် တရားမျှတမှုကို ရှာဖွေမည်ဆိုပါက မကြာခဏပင် “လျော်ကြေးများ” ဖြင့် နှုတ်ပိတ်ခြင်း၊ ခြိမ်းခြောက်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် တန်ပြန် လက်စားခြေမှုများကို ရင်ဆိုင်နေရသည်။
WLB သည် ဆက်လက်တည်ရှိနေသော နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများအပေါ် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ် ခွင့်ရှိနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အတားအဆီးအဖြစ် သတ်မှတ်သည်။ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို တရားစီရင်နိုင်မှုမရှိပဲ အမျိုးသား ပြန်လည်သင့် မြတ်ရေး ကိုရရှိဖို့ ခက်ခဲလိမ့်မယ်“ ဟု မယ်စုစုဆွေက ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံအ၀ှမ်းတွင် ထိုးစစ်ဆင်မှုများ ချက်ခြင်းရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် ဥပဒေကြောင်းနှင့် ဖွဲ့စည်းပုံ ပြင်ဆင် မှုများပြုလုပ်ရန်နှင့် အစိုးရအဖွဲ့အစည်းဝင်များအား ဖွဲ့စည်းတည်ဆောက်ပုံအရ အပြစ်ပေး အရေးယူ ခံရ ခြင်းမှ ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန် ဤသုံးသပ်ချက်က တောင်းဆိုလိုက်သည်။
“လတ်တလော တိုက်ခိုက်မှုတွေ တိုးမြင့်လာနေတာကြောင့် ကျွန်မတို့အနေနဲ့ ပဋိပက္ခဧရိယာတွေမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပေါ် အပြစ်ပေးအရေးယူမှု ကင်းလွတ်နေမှုကို အမြန်ဆုံး အဆုံးသတ်ဖို့လိုအပ်ပြီး စစ် တပ်ကို အရပ်သားထိန်းချုပ်မှုအောက်မှာ ထားရှိဖို့ လိုပါတယ်” ဟု ဂျူလီယာ မာရစ်(ပ်)က ပြောသည်။
အာရှအမှန်တရားနှင့် အခွင့်အရေးအဖွဲ့ (Asia Justice and Rights- AJAR)နှင့် ပူးတွဲ ထုတ်ဝေသည့် ဆွေးနွေးချက် စာတမ်း ကို www.womenofburma.org တွင် ကြည့်ရှုနိုင်သည်။
အသေးစိတ်သိရှိလိုပါက
၁။ မယ်စုစုဆွေ +95 942 502 7681
၂။ ဂျူလီယာ မာရစ်(ပ်) +66 907 504 960
၃။ စောစံငြိမ်းသူ +95 942 173 4676
၎။ ယိင်းဟန်ဖ +66 892 627 848
သဘောထားထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
သုံးသပ်ချက်စာတမ်း မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
Download this press release in English HERE.
Download the briefer in English HERE.
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.