Statement 629 Views

ဦးကိုနီလုပ်ကြံခံရခြင်းအပေါ် ထုတ်ပြန်ကြေငြာချက်

February 2nd, 2017  •  Author:   Arakan National Council  •  1 minute read

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာအကြံပေးနှင့် တရားရုံးချုပ်ရှေ့နေတဦးဖြစ်သော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်တွင်

(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကတိကဝတ်များဖြစ်သော

(က) အမျိုးသားပြန်လည်သင့်မြတ်ရေး၊

(ခ)  ပြည်တွင်းငြိမ်းချမ်းရေး၊

(ဂ)  တရားဥပဒေစိုးမိုးရေးနှင့်

(ဃ) ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များကို အနှောင့်အယှက်ပြုလိုသော၊

(၂) ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကိုလက်မခံလိုသော ၊

(၃) ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြင့် နိုင်ငံရေးအာရုံလွှဲကာ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို မလိုလားသော၊

(၄) ခါးပိုက်ဆောင်တပ်၊ လူမိုက်ဂိုဏ်းများ (Proxy Mafia) ဖြင့် လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေလျှက် နိုင်ငံအာဏာ ကို တရားမဝင် လက်ဝယ်ထိန်းသိမ်းထားလိုသော၊

အုပ်စုများ ပါဝင်ပတ်သက်နေလိမ့်မည်ဟု မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ ယုံကြည်ပေသည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွင်း ပြည်သူကိုအလုပ်အကျွေးပြုနေသော ဦးကိုနီကဲ့သို့ တတ်သိ ပညာရှင်တယောက် ဆုံးရှုံးရခြင်းမှာ တတိုင်းပြည်လုံးအတွက် ကြီးမားသည့်နစ်နာဆုံးရှုံးမှု ဖြစ်ပေသည်။

ထိုသို့ သူရဲဘောကြောင်စွာလုပ်ကြံသတ်ဖြတ်ရန် ကြိုးကိုင်စေခိုင်းခဲ့သည့် လူမသမာအုပ်စုအား ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) မှ ပြင်းထန်စွာရှုတ်ချလိုက်သည်။ လူသတ်ဂိုဏ်းဝင် ဦးကြည်လင်းအား အသက်ကိုပဓာနမထားဘဲ ဝိုင်းရံဖမ်းဆီးခဲ့ကြသော ဦးနေဝင်းနှင့်တကွ တာဝန်သိပြည်သူများအားလည်း အညတရသူရဲကောင်းများအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ